Monday, June 25, 2012

ယောက်ျားအမှန်


    ဘထွန်းသည် ကြံရာမရဖြစ်၍နေလေ၏။ ဆယ်နာရီခန့်အချိန်မို့ လလည်းမရှိ၊ လမ်းမှာ မည်းမှောင် ၍နေလေ၏။ မော်တော်ကားမှာ ဘယ်လိုလုပ်၍မှမရ၊ ချော့လို့လည်းမသွား၊ ကြမ်းလို့လည်း မလှုပ်၊ အတင်းဇွဲလုပ်၍ နေလေ၏။ အခြားမော်တော်ကား အသွားအလာတို့ကို မျှော်သော်လည်း ရပ်ရန်ခေါ်၍မရ၊ တဟုန်တည်းသွားသော ဘတ်စ်ကာကြီးတစ်စီးမှတပါး အခြားဘယ်ကမှ မပေါ်လာ။
    အင်းစိန်နှင့် မှော်ဘီစပ်ကြားမှာ လမ်း၌ ဇွဲလုပ်သော ကားပေါ်တွင် အိပ်ရတော့မလိုဖြစ်၍ နေလေ၏   နောက်ဆုံး စိတ်ကိုလုံးလုံးကြီးလျှော့ပြီး အနီးအနားကို ကြည့်လိုက်ရာ မည်းမှောင်သောခြံတစ်ခုအတွင်းမှ မီးရောင်ကလေးကို မြင်ရသဖြင့် ဝင်၍သွား၏။
    သေးငယ်သော အိမ်ကလေးအနီးသို့ ရောက်သောအခါ...
    “ခွေးကြည့်စမ်းပါ ခင်ဗျာ”
    ဟု အော်လေလျှင် အိမ်အောက်ထပ်မှ ဆွဲမီးအိမ်ကိုကိုင်လျက်...
    “ဘယ်သူလဲ။ ခွေးတော့မရှိပါဘူး”
    ဟု ပြော၍ထွက်လာသူသည် ဆွဲမီးအိမ်ကိုမြှောက်၍ ကြည့်လိုက်လေ၏။ ဆွဲမီးအိမ်မီးရောင်တွင် အလွန်လှသော မျက်နှာကလေးကို ဘထွန်းမြင်ရလေလျှင် ဘထွန်း၏ရင်ထဲမှာ ဘာလိုလိုဖြစ်သွားလေ၏။

Sunday, March 11, 2012

USB မှာ autorun.inf လေး ရေးထားရင်

USB မှာ autorun.inf လေး ရေးထားရင် အထိုက်အလျောက် တော့ virus ကာကွယ် နိုင်ပါတယ်။ အခုရေးထားတဲ့ autorun.inf ကိုရေးသားနည်း သိသူပဲ ဖျက်လို့ရမှာပါ၊ ကျွှန်တော် ရေးနည်းကော ဖျက်နည်းကော ဖော်ပြထားပါတယ်၊
၁ - Run box ထဲမှာ cmd လို့ရိုက်ပြီး Enter နှိပ်ပါ။
၂ - md \\.\\f:\autorun.inf\con လို့ ရိုက်ပြီး Enter နှိပ်ပါ။

ဒါဆိုရင် autorun.inf ကို create လုပ်ပြီးပါပြီ။

Tuesday, March 6, 2012

ထမင်းလုံးတစ္ဆေ

   
ညနေ သုံးနာရီခန့်မှစ၍ ရွာသွန်းချနေသော မိုးသည် စဲသည်မရှိပဲ စွေ၍နေရာ ညစဉ်ညတိုင်း ထမင်းစားပြီးလျှင် ထွက်၍ လည်ပတ်သွားလာခြင်း၊ ရုပ်ရှင်ကြည့်ခြင်း တို့ဖြင့်မပျင်းဖြေလေ့ရှိသော ကျွန်တော့်မှာ ထိုနေ့အဖို့၌ စွတ်စိုလွန်းသည့်အတွက် အပြင်သို့ထွက်ရန် ခက်နေတော့၏။ အိမ်တွင် နေရန်ကလည်း ငြီးငွေဖွယ်ကောင်းလှ၍ သံချိုင့်တွင်းသို့ ရောင်နေသော ကျားကဲ့သို့ ဆောက်တည်၍ မနေနိုင်တော့ပဲ အခန်းတွင်း၌ ခေါက်တုန့်ခေါက်ပြန်လျှောက်၍ စိတ်အိုက်နေမိပါတော့သည်။
    ပြတင်းပေါက်သို့ ရောက်တိုင်းရောက်တိုင်း အပြင်သို့ မျှော်ကြည့်လိုက်သောအခါ လမ်းပေါ်သို့ တဖြောက်ဖြောက်ကျနေသော မိုးသံများသည် ကျွန်တော်အား ပိုမိုစိတ်ညစ်စေ၏။ အချိန်မှာ ရှစ်နာရီထိုးပြီ။ မိုးလည်းစဲတော့မည့် လက္ခဏာမရှိတော့သဖြင့် ထိုနေ့အဖို့ မိုးကို အရှုံးပေးရတော့မည်၊ အပြင်သို့ထွက်နိုင်တော့မည် မဟုတ်ဟု စိတ်ကိုတုံးတုံးချလျက် မအိပ်မီ အပျင်းပြေစေရန် အိပ်ခန်းတွင်း၌ စာအုပ်များကို လိုက်၍ရှာသောအခါ စုံထောက်ဝတ္ထု၊ အမေရိကန် လူဆိုးဂိုဏ်ဝတ္ထုနှင့် မဂ္ဂဇင်းတစ်စောင်ကို တွေ့ရှိသဖြင့် ပက်လက်ကုလားထိုင် ထိုင်ကာ အဆင်သင့်ရာဖွင်၍ ဖတ်တော့၏။ ကျွန်တော်လှန်လိုက်သော ဝတ္ထုတို့မှာ သတ်မှု၊ ဖြတ်မှု၊ လူဆိုးများ၊ စုံထောက်များ၊ ဂါတ်များ၊ ထောင်များအကြောင်း ပါရှိသည့်သွေးထွက်သံယို ဝတ္ထုချည်းဖြစ်၍ နေတော့၏။ နာရီလည်း ညနာရီပြန်တစ်ချက်တီးလေပြီ။

Monday, January 9, 2012

ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားသမိုင်းနှင့် ဘုရားပွဲတော်

     ဇလွန်မြို့သည် ဧရာဝတီတိုင်းအတွင်းရှိ သေးငယ်သော မြို့လေးတစ်မြို့ဖြစ်ပြီး ရန်ကုန်မြို့မှ မိုင် (၅၀) ခန့်ကွာ ဝေးသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းပါး ဟင်္သာတမြို့၏ အရှေ့တောင်ဘက် (၁၆) မိုင်အကွာတွင် တည်ရှိပြီး ညောင်တုန်းမြို့မှ ကူးတို့လှေဖြင့် နေ့ချင်းပြန်ခရီးသွားနိုင်ပါသည်။ တစ်စုံတစ်ယောက်မှ လွတ်လပ်မှု ပျော်ရွင်မှုကိုနှစ် သက်မြတ်နိုးသော သာမာန်နိုင်ငံခြားခရီးသည်ကို ဘယ်အရာက ပိုဆွဲဆောင်မှု ရှိမည်နည်းဟုမေးလျှင် ကျေးလက်နေ လူနေမှုဘဝကို တစေ့တစောင်းကြည့် ရှုလေ့လာခြင်းမှတပါး အခြားမရှိဟု အဖြေထုတ် ကြလိမ့်မည်။
      သို့သော် ဗုဒ္ဓဘာသာမြန်မာ လူမျိုးများအတွက် ဇလွန်သို့ တခါတခေါက်အလည် အပတ်သွားခြင်းသည် မွန်မြတ် သော ဘုရားဖူးခရီးတခုပင် ဖြစ်ပေသည်။ ထိုသို့ဇလွန်မြို့ တည်ရှိနေခြင်းသည် မြန်မာနိုင်ငံအတွက် နှစ်ထောင်းအားရ ဂုဏ်ယူဝံ့ကြွားစရာပင် ဖြစ်သည်။ ဘုရားဖူးပြည်သူများကလည်း မာရ်အောင်မြင် ပြည်တော်ပြန် ဘုရားကြီးသို့သွား ရောက်ဖူးမြော်ဆုတောင်းခြင်းဖြင့် မိမိတို့တွင် စွမ်းအင်၊ စွမ်းအားများ တိုးတက်ရရှိ သကဲ့သို့ခံစား ရသည်ဟု ယုံကြည် ကြသည်။ ရွှေရောင်တဖိန့်ဖိန့် တောက်နေသော ဘုရားကျောင်းဆောင် ၏အလည်ဗဟိုတွင် မာရ်အောင်မြင်ပြည်တော် ပြန်ဘုရားကြီး အားသပ္ပယ်စွာ ဖူးတွေ့နိုင်ပါသည်။
ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားသမိုင်းနှင့် ဘုရားပွဲတော်

Wednesday, December 21, 2011

မုဋ္ဌောကိုးဆူုသမိုင်း

    မုဋ္ဌောကိုးဆူသမိုင်းအရ ပုသိမ်မြို့မနှင့်  ပုသိမ်ခရိုင်အတွင်း၊ အတွင်းငါးဆူ၊ အပြင်လေးဆူ၊ ပေါင်း မုဋ္ဌောကိုးဆူရှိရာ၊ ပုသိမ်မြို့မနှင့် ဆင်ခြေဖုံးတွင်ရှိသော...
အတွင်းမုဋ္ဌောငါးဆူ
၁။ ရွှေမုဋ္ဌောစေတီတော်
၂။ မြို့၏တောင်ဘက်တွင် ဘုရားအလောင်းတော် ရှဥ့်မင်း ဖြစ်စဉ် ကျက်စားဖူးသော နေရာ၌ တည်ထားအပ်သော ရှေးအခေါ် မင်္ဂလာစေတီ၊ ယခု တဂေါင်းဘုရားလမ်းရှိ တဂေါင်းစေတီတော်။
၃။ မြို့၏နောက်တောင်အရပ်တွင် အလောင်းတော်ရွှေသမင်မင်းဖြစ်စဉ် ပျော်စံကျက်စားရာနေရာ၌ တည်ထားအပ်သော ယနေ့ မဟာဗောဓိလမ်းရှိ မဟာဗောဓိစေတီတော်။
၎။ မဟာဗောဓိစေတီတော်၏ တောင်ဘက် အလောင်းတော်ရှဥ့်မင်း ခန္တာစဲရာအရပ်ကို အမှတ်တရပြုကာ တည်ထားအပ်သော  သုမင်္ဂလာစေတီတော်၊ ယနေ့ ရေကြည်ရေနောက်အရပ်ရှိ ဆုတောင်ပြည့်စေတီ။
၅။ မြို့၏ရှေ့တောင် ရှေးခေတ် ကျိုက်ပိမြို့ဟောင်း၊ ယခု သစ်ရောင်းချောင်းအနီး ဘုရားကြီးကုန်းကျေးရွာ၌ အလောင်းတော်ဆင်မင်းဖြစ်၍ ကျက်စားဖူးရာအရပ်တွင် တည်ထားအပ်သော ရှေးအခေါ် မဟာစေတီ ယခုအခေါ် ဘုရားကြီးကုန်းဘုရား တို့ဖြစ်ကြသည်။

ပုသိမ် ၃၂ မြို့

   ပုသိမ်မြို့နှင့် အရန်မြို့ပေါင်း သုံးဆယ့်တစ်မြို့ ဖြစ်သည်။ နယ်နိမိတ်မှာ ရှေ့ကို ဇရွံ၊ တောင်စွန် အာလိန်၊ အနောက်ကို မိုးတိမ်ပြင်ရွာတိုင်၊ မြောက်ကို ကြန်ကင်း ပရှင့်ချောင်းထိ ဖြစ်သည်ဟု ဆိုကြသည်။
    သက္ကရာဇ် ၁၁၄၅ ခုနှစ် တွင်ကောက်ယူထားသော စစ်တမ်းများအရ...
    ရှေးအခေါ်                        ယခုခေတ်အခေါ်
၁။ ကျိုက်စတည်မြို့                     ဟိုင်းကြီး
၂။ ကျိုက်သရဲမြို့                         မော်တင်
၃။ ကျိုက်ခရံမြို့                          ဘုရားလှကျုံကူး
၎။ ကျိုက်ထူပါရုံကမ်းဖြူမြို့             မြစ်တရာ
၅။ ကျိုက်ဇလတမော်မြို့                သမံဒေဝကျောက်သင်္ဘော
၆။ ကျိုက်ပဒေါမြို့                        ပန်းမမြစ်တာ-ပန်းမဝတီ
၇။ ကျိုက်အမွန်မြို့                       ဆိပ်ကြီး
၈။ ကျိုက်ဝှန်မြို့                          ကျုံတုံးကံကြီး
၉။ ကျိုက်ဇလဲထော်                      မြောင်းမြမြို့ဟောင်းရာ
၁၀။ ဆိပ်ကြီး                              မြောင်းမြ
၁၁။ ကျိုက်မိမြို့                           သစ်ရောင်းချောင်း
၁၂။ ကျိုက်ဒေါမြို့                         တကောင်း
၁၃။ ကျိုက်ပိကျုံတရော်                  ကျုံပျော်
၁၄။ ကျိုက်မော်ဓောထလျော်           ထောင်လုံ
၁၅။ ကျိုက်သထောမြို့                   ရေကြည်ပန်းတော
၁၆။ ကျိုက်ပတည်                         သာရဝေါမြို့ မြို့ကွင်း (ဟင်္သာတ)
၁၇။ ဘုးရားကြီးသံသေတံခွန်မြို့        ဒံဘီ
၁၈။ ကျိုက်တုံလုံထောမြို့                မြန်အောင်
(ကျန်ကင်း၊ ပရှင့်ချောင်း တရုတ်မော်မြို့ထိ)
၁၉။ ကျိုက်ပြိုတောင်မြို့                  ကျိုက်ထော် (အင်္ဂပူ-အုတ်ဖို)
၂၀။ ကျိုက်မူသုနန္ဒမြို့                     မန်းကြာ
၂၁။ ကျိုက်တောင်တော်မြို့               ပန်းတောကြီး (လေးမျက်နှာ)
၂၂။ ကျိုက်မင်းပတောမြို့                 ကျောက်ချောင်းကလေး (သီတာ)
၂၃။ ကျိုက်အဝှန်ကျုံတုံးမြို့               ဘိုးတော်ဘုရားကြီး
၂၄။ ကျိုက်ခရံဂဟေနံမြို့                  ခေနံ
၂၅။ ကျိုက်သတောမြို့                     ခသောဒရှာ (ဘုရားကုန်း)
၂၆။ ကျိုက်ခတောတုံမြို့                   ထန်းဘူး
၂၇။ ကျိုက်ခရံထောကျိုက်ဖြူမြို့          သိမ်းချောင်း (သာပေါင်း)
၂၈။ ကျိုက်နံကလံတနပဝေါရိမြို့         ကျောက်ချောင်းကြီး
(ကျိုက်တံတလံတဝေါမြို့)
၂၉။ ကျိုက်တည်မုဋ္ဌောသမြင်တုံးမြို့     ပန်းတနော်
၃၀။ ကျိုက်သလွန်မွန်ဒေါင်းဖြူမြို့        ဓနုဖြူ
၃၁။ ကျိုက်အနန္ဒပူရမြို့                    ညောင်ပင်ရွာ-ဇရွံ တို့ဖြစ်ကြသည်။
    ယနေ့ ပုသိမ်ခရိုင် တစ်ခုလုံး၊ ဟင်္သာသခရိုင် တစ်ခုလုံးနှင့် မြောင်းမြနှင့် မအူပင်ခရိုင်များမှ နေရာအချို့ပါဝင်နေပါသည်။

Wednesday, December 14, 2011

ပုသိမ်မြို့အကြောင်း

၁။ မွန် ၃-ရပ်နှင့် ပုသိမ်မြို့
    ကျောက်စာလာစကားများအရလည်းကောင်း၊ ကျမ်းဂန်များအရလည်းကောင်း၊ မွန်တိ မွန်စ မွန်ည ဟူသော မွန်သုံးရပ်တို့ အချင်းချင်း အညမည ပေါင်းစပ်သောအားဖြင့် တိုင်းဖွဲ့အပ်သော ရာမညတိုင်းဟု နာမပညတ် သမုတ်အပ်သည့် -
    (က) တိဂုံ၊ ဒလ စသော ရာမညတိုင်း အစိတ် (မွန်တိ)
    (ခ) သထုံ၊ မုတ္တမ စသော ရာမညတိုင်း အစိတ် (မွန်စ)
    (ဂ) ပုသိမ်၊ မြောင်းမြ စသော ရာမညတိုင်း အစိတ် (မွန်ည)
    တို့တွင် မွန်တိ မွန်စ ဟူသော တိဂုံ၊ ဒလ၊ သထုံ၊ မုတ္တမ တို့နှင့် အညမညဖြစ်သောကြောင့် (မွန်ည) ဖြစ်သော တိုင်းအစိတ်၏ ဗဟိုချက်ချာ မင်းစံရာ နေပြည်တော်၊ ကုသိမရဋ္ဌ ကုသိမနဂရ (ကုသိမ်-ကော့စမိန်) စသည်ဖြင့်၊ မွန်ဘာသာဖြင့် သမုတ်ခဲ့သော ယနေ့ပုသိမ်မြို့ပင်ဖြစ်သည်။
၂။ ပုသိမ်မြို့ကို အမည်အမျိုးမျိုး သတ်မှတ်ကြပုံ
    အတိသဉ္ဇာမဂရ။        ။ ဘုရားအလောင်းတော် သူတော်ကောင်းတို့ မွေ့လျော်ရာ အဓိကရဌာန ဖြစ်ခဲ့ကြောင်းကို ရဟန္တာအရှင်မြတ်တို့ ညွှန်ပြအပ်သဖြင့် ပထမတွင် အတိသဉ္ဇနဂရ ဟုခေါ်တွင်ခဲ့သည်။
    ကုသိမရဋ္ဌ- ကုသိမနဂရ- ကုသိမ်မြို့။        ။ သာသနာသက္ကရာဇ် ၅၅၀-ပြည့်နှစ်တွင် သရေခေတ္တရာပြည်၊ ငတပါးမင်း၏ မြေးတော်ရန်မုက္ခမင်းလက်ထက် သီဟိုဠ်ကျွန်းတွင် ဒုမ္ဘိက္ခန္တရကပ်ကြီးဆိုက်သဖြင့် ရဟန္တာမြောက်မြားစွာတို့ ပုသိမ်သို့ ကြွရောက်လာရာ အချို့ကပုသိမ်မြို့တွင် သတင်းသုံးတော်မူကြ၍၊ များစွာသော ရဟန္တာအရှင်မြတ်များ သရေခေတ္တရာပြည် အရောက်ကြွရောက် သတင်းသုံးတော်မူကြသဖြင့် ရဟန္တာအရှင်မြတ်တို့ ကူးရောက်ရာ နိဗ္ဗာန်ကူးဆိပ်ဟု အဓိပ္ပါယ်ဖြင့် (ကုသိမရဋ္ဌ- ကုသိမနဂရ- ကုသိမ်မြို့) ဟုမှည့်ခေါ်ကြပြန်သည်။