ဘထွန်းသည် ကြံရာမရဖြစ်၍နေလေ၏။ ဆယ်နာရီခန့်အချိန်မို့ လလည်းမရှိ၊ လမ်းမှာ မည်းမှောင် ၍နေလေ၏။ မော်တော်ကားမှာ ဘယ်လိုလုပ်၍မှမရ၊ ချော့လို့လည်းမသွား၊ ကြမ်းလို့လည်း မလှုပ်၊ အတင်းဇွဲလုပ်၍ နေလေ၏။ အခြားမော်တော်ကား အသွားအလာတို့ကို မျှော်သော်လည်း ရပ်ရန်ခေါ်၍မရ၊ တဟုန်တည်းသွားသော ဘတ်စ်ကာကြီးတစ်စီးမှတပါး အခြားဘယ်ကမှ မပေါ်လာ။
အင်းစိန်နှင့် မှော်ဘီစပ်ကြားမှာ လမ်း၌ ဇွဲလုပ်သော ကားပေါ်တွင် အိပ်ရတော့မလိုဖြစ်၍ နေလေ၏ နောက်ဆုံး စိတ်ကိုလုံးလုံးကြီးလျှော့ပြီး အနီးအနားကို ကြည့်လိုက်ရာ မည်းမှောင်သောခြံတစ်ခုအတွင်းမှ မီးရောင်ကလေးကို မြင်ရသဖြင့် ဝင်၍သွား၏။
သေးငယ်သော အိမ်ကလေးအနီးသို့ ရောက်သောအခါ...
“ခွေးကြည့်စမ်းပါ ခင်ဗျာ”
ဟု အော်လေလျှင် အိမ်အောက်ထပ်မှ ဆွဲမီးအိမ်ကိုကိုင်လျက်...
“ဘယ်သူလဲ။ ခွေးတော့မရှိပါဘူး”
ဟု ပြော၍ထွက်လာသူသည် ဆွဲမီးအိမ်ကိုမြှောက်၍ ကြည့်လိုက်လေ၏။ ဆွဲမီးအိမ်မီးရောင်တွင် အလွန်လှသော မျက်နှာကလေးကို ဘထွန်းမြင်ရလေလျှင် ဘထွန်း၏ရင်ထဲမှာ ဘာလိုလိုဖြစ်သွားလေ၏။