သွင်အမြဲတစေ တောင့်တခဲ့သည့် တကယ့်မင်္ဂလာနေ့သို့ ရောက်ခဲ့ပါပြီ။ သို့ရာတွင် သွင်သည် သတို့သားကို စိတ်ပူပန်စွာဖြင့် စောင့်နေရသည့်အတွက် ဝမ်းနည်းပက်လက် ရှိလှတော့သည်။
ဒေါ်လေးကြော့သည် ဖိုလှိုက်သောရင်၊ မတည်ငြိမ်သောမျက်လုံးများဖြင့် စာသင်ကျောင်း ဆင်ဝင်အောက်သို့ရောက်လာမည့် သတို့သား၏ မော်တော်ကားကို ပင်ပန်းကြီးစွာ စောင့်မျှော်လျက် ရှိသည်။ မင်္ဂလာပွဲကျင်းပရာ ဤအစိုးရ အထက်တန်းကျောင်း၏ ဧည့်ခန်းသို့ ရောက်နှင့်ကြပြီးသော ဧည့်သည်တော်များသည် ဆင်ဝင်ဘက်သို့ ခဏခဏလှည့်၍ ကြည့်ရလွန်းသဖြင့် အကြောများပင်
နာကြပေတော့မည်။ မိန်းမသိုက်ထဲမှ အချို့ကလည်း တီးတိုးပြောစပြုပြီ။ သွင်… သွင်… ၊ သူ့ခများကား အသို့ရှိရှာမည်နည်း။
ဤဧည့်ခန်းမကြီးဘေးဘက် စာသင်ခန်းလွတ် တစ်ခုတွင် အရပ်မြင့်မြင့် ငါးရံ့ကိုယ်နှင့် သတို့သမီး မြင့်မြင့်သွင်သည် လက်နောက်ပစ်ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှေက်နေလေသည်။ သွက်ခမျာမှာ သူတကာကဲ့သို့ ထင်ထင်ရှားရှား အပြင်ထွက်မျှော်ရမည်လည်းမသင့်။ ခဏခဏ မေးရမည်မှာလည်း မတင့်တယ်။ အခန်းထဲတွင်သာ မချင့်မရဲဖြစ်တိုင်း လမ်းထလျှေက်တည်း လျှေက်၍နေရသည်။
"သွင်"
တန့်ကနဲရပ်ကာ အသားဖြူဖြူ ဆံပင်ကို ကြော့နေအောင်ဖီးထားသည့် ယောက်ျားပျိုတစ်ယောက်ကို တံခါးဝခန်းဆီးနှစ်စကြားတွင် တွေ့ရသည်။ ယောက်ျားပျိုသည် မျက်နှာမကောင်းလှပဲ "မလာသေးဘူး သွင်" ဟုသာပြောလိုက်ပြီး သွင်၏ စိတ်ပျက်သွားသော အမူအရာကို ကြင်နာစွာကြည့်ယင်း ပင့်သက်ရှူလိုက်ကာ အခန်းတွင်သို့ဝင်လာလေသည်။
"ကိုစိုးမြင့်လဲ စိတ်မကောင်းပါဘူးသွင်ရယ်။ ခုတင်ကပဲ တယ်လီဖုန်းနဲ့ သူ့အိမ်ကို ခေါ်ကြည့်တော့ မရှိဘူး သွားပြီလို့ပြောတယ်"၊ သွင်သည် နှုပ်ခမ်းကိုသာ ကိုက်လိုက်လေသည်။
"ဒီလောက်အရေးကြီး တဲ့နေ့မှဗျာ" ကိုစိုးမြင့်သည် တီးတိုးညည်းတွားပြီးမှ သွင့်အား အားနာသကဲ့သို့ လှမ်းကြည့်လိုက်လေသည်။
သွင်ကားမလှုပ်။
သွင့်အနီး ကုလားထိုင်တစ်လုံးတွင် ငြိမ်သက်စွာထိုင်လျက်ရှိသော အပျိုရံ အသားညိုညို ကုလားဆင် မိန်းမပျိုသည် သွင့်အနီးသို့ အသာအယာ ကပ်လာပြီး သွင့်ပုခုံးပေါ် ဝဲနေသော ဆံမြိတ်စများကို သပ်သပ်ရပ်ရပ် တင်ပေးလိုက်ယင်း "ကိုထွန်းလွင်ဟာ ဆရာဝန်တစ်ယောက်ဆိုတာလဲ သွင်သတိပြုဦးလေ" ဟုသတိပေးလိုက် လေသည်။ နောက်ဆက်လက်၍ "သူ့အချိန်တွေကို သူမပိုင်ဘူး သွင်" ညိုညိုသည် ဆရာဝန်ဆိုသည်မှာ လူနာထက် ဘယ်အရာကိုမျှ ဦးစားမပေးနိုင်ကြောင်း၊ လူနာကိစ္စထက် အရေးကြီးသောကိစ္စဟူသည် သူတို့၌မရှိရ စသည်ဖြင့် ဆရာဝန်ဝတ်တရားများကို ပြောပြလေသည်။ ညိုညိုမှာ ဤဒိစတြိတ်မြို့ကြီးရှိ အစိုးရဆေးရုံမှာ စစ္စတာခေါ် လုံချည်စိမ်းဝတ် ဆရာမဖြစ်လေသည်။
"ဆရာဝန်ဆိုတာ တကယ်တော့ ပြည်သူတွေက ပိုင်တာပဲသွင်။ သည်တော့…" စကားမဆုံးမီ သွင်သည် ချာကနဲလှည့်၍ ထွက်သွားလေသည်။ သူမစိတ်ထဲတွင် ညိုညိုကို အပျိုရံ မလုပ်စေချင်။ ဒေါ်လေးကြော့က
စီမံသဖြင့် လက်ခံရလေသည်။ သွင်ထင်သည်။ သတို့သားအား ချစ်နေသော မိန်းကလေးတစ်ဦးကို အပျိုရံလုပ်စေခြင်မှာမသင့်။ သို့သော် သဘောထားသောရာကျမည်ကိုလည်း သွင် စိုးရိမ်သေးသည်။
"ကိုထွန်းလွင် ရောက်လာပြီ"
ကိုစိုးမြင့်သည် စိတ်ပျက်သံ မပါအောင် ကြိုးစားပြောလိုက်ရသည်။ အော်စတင်ကားနက်ကလေးထဲမှ တွန့်ကျေနေသောအင်္ကျီ၊ လည်စည်း၊ ဘောင်းဘီရှည်တို့ဖြင့် ယောက်ျားပျို အသာညိုညို ထောင်ထောင်မောင်းမောင်းတစ်ယောက်၊ ပွနေသောဆံပင်များကို လက်ဖြင့်သပ်ယင်း သုံးထစ်မျှသော လှေကားကို တစ်လှမ်းတည်းကျော်ပြီး အခန်းထဲသို့ အလျင်စလို ဝင်သွားလေသည်။
"မောင် သိပ်ဝမ်းနည်းတာပဲသွင်။ အခုလိုဖြစ်ရတာကို နည်းနည်းမှ စိတ်မကောင်းပါဘူးကွယ်" ဒေါက်တာထွန်းလွင်က လှိုက်လှိုက်လှဲလှဲ ပြောလိုက်သော်လည်း သွင်ကမူ နောက်ကို အနည်းငယ် ဆုတ်လိုက်သည်။
"ဘာဖြစ်နေလို့လဲ" သွင့်အသံမှာ ခပ်မာမာပင်။ ဒေါ်လေးကြော့လည်း ဝင်လာသည်။
"ဦးစိန်မှန်ရဲ့ သားကလေး အခြေအနေ ဆိုးနေတယ်လို့ ညိုညိုဖုန်းဆက်တာနဲ့ ဆေးရုံဝင်နေတယ်။ သည်လောက် ကြာလိမ့်မယ်လို့ မထင်မိဘူး" ဒေါ်လေးကြော့ကဖြတ်၍ " ကဲ ခဏနေတော့ အပြင်ထွက်ခဲ့နော် မောင်ထွန်းလွင်။ ဒေါ်လေး ဧည့်သည်တွေကို သွားပြောပြဦးမယ်။"
"ဟုတ်ကဲ့ ဒေါ်လေး"
နောက် ဒေါက်တာထွန်းလွင်သည် ညိုညိုဘက်သို့လှည့်၍ "သွင့်ကို မပြောပြဘူးလားညိုညို" ဟု မေးသည်။ ညိုညိုသည် ဖြည်းညင်းစွာ ခေါင်းခါယင်း...
"ဝမ်းနည်းပါတယ် ဒေါက်တာ။ ကျွန်မ ဒေါက်တာ ဆေးရုံမှာ အမှန်ရှိနေဦးမယ် မသိတာလည်းတကြောင်း၊ နောက် သွင်ကလဲ ဒေါက်တာနောက်ကျတဲ့အတွက် သိပ်ပြီး စိတ်ထိခိုက်နေတော့ အကြောင်းပြချက် မဖြစ်မှာလဲစိုးတာနဲ့ မပြောမိဘူးဒေါက်တာ"ဒေါက်တာ ပင့်သက်ရှူလိုက်သည်။ သွင်ကမူ ညိုညိုသည် သူ့အား စိတ်ထားသိမ်မွေ့လေဟန် တမင်နှိမ့်ချပြောဆိုသည်ဟု ယူဆလိုက်သည်။
"ဒေါက်တာ ကြာညွန့်ကော မရှိဘူးလား။ သူဟာ အင်မတန် တော်တဲ့ ဆရာဝန်ဆို။ နောင်ပြီးသူက သွင်တို့လက်ထပ်ပြီး တစ်လလောက် ရွာကလေးက အိမ်မှာ သွားနေယင်တောင်မှ မောင့်အလုပ်တွေကို ကြည့်လိုက်ပါ့မယ်ဆို" သွင်က မကျေနပ်သံဖြင့် မေးပြန်သည်။
"ဟုတ်ပါတယ်၊ ခုလဲရှိပါတယ်။ ဒါပေမယ့် လူနာက မောင့်လူနာဖြစ်နေတာကိုးသွင်။ ကဲပါကွယ် လာပါ။ ဒေါ်လေးလဲ စောင့်နေရတာ မောလှရော့မယ်။ အပြင်သွားကြစို့" ဆရာဝန်သည် သူ့လည်စည်းကို သပ်ရပ်အောင် ဆွဲဆန့်ပြီး နဖူးပေါ်ကျနေသော ဆံပင်ကောက်ကလေးများကို နောက်သို့ အသာအယာ ပင့်သပ်လိုက်သည်၊ သို့သော် သွင်ကတင်းမာလှသည်။
"မလာပါဘူး။ သွင့်ကို မောင်မပိုင်သေးပါဘူး။ သွင်သဘော"
ဒေါက်တာထွန်းလွင်မှာ ပါစပ်အဟောင်းသား ဖြစ်သွားရှာသည်။ သွင်ကား တင်းမာစွာပင် ဆက်၍....
"ဒီမှာမောင်၊ ခုအဖြစ်ဟာ အရင်က ခဏခဏဖြစ်ခဲ့ရတဲ့ နောက်ကျမှုမျိုး၊ ပျက်ကွက်မှုမျိုးလို မဟုတ်ဘူး။ သည်တစ်ခါဟာ သွင့်တသက်တာအဖို့ အရောကြီးဆုံးနဲ့ အမျှော်လင့်ဆုံး တစ်ခါပဲ။ ဒါကို ဒါကို" သွင်သည် နှုပ်ခမ်းကို ကိုက်ကာ ဝဲလာသောမျက်ရည်ကို သိမ်းပြီးမှ "ဒီလိုသာဖြင့် တသက်လုံး အဖို့ မခက်သေးဘူးလား။ သွင်ဟာ ဒီလိုနေ့တောင်မှ နံပါတ်နှစ် အထားခံနေရပြီ"
ဒေါက်တာထွန်းလွင်၏ မျက်နှာသည် ဝမ်းနည်းပက်လက် အမူအရာမှ ညိုမည်းသုန်မှုန်လာသည်။
"ခက်လိုက်တာကွယ်၊ ဘာမဟုတ်တာကလေးကို ချဲ့ပြီး"
"ဘာမဟုတ်တာကလေး ဟုတ်လား။ ဒါဘာမဟုတ်တာကလေးလာဟင်။ သွင့်အဖို့မှာ တသက်လုံး ဒီနေ့ကိုပဲ တွေးခဲ့ အိပ်မက်ခဲ့ရတယ်။ ဒီနေ့ဟာဖြင့် ကျကျနန ပြောစမှတ်ဖြစ်ရမယ်။ ပျော်စရာကြီး ဖြစ်ရမယ်လို့ သွင်အများကြီး မျှော်လင့်ခဲ့တယ်။ ခု စိတ် ဘယ်လောက် သောကဖြစ်ရမလဲ။ မောင့်အဖို့တော့ ဟုတ်မှာပေါ့။ သွင်နဲ့ လက်ထပ်ဖို့ဟာ အရေးကြီးတဲ့ ကိစ္စမှ မဟုတ်ပဲကိုး။ ဟင်"
စိတ်ကို ချုပ်မရတော့မှန်း သိသောသွင်သည် ညိုညိုရှေ့တွင်မျက်ရည်မကျလိုသဖြင့် နှုတ်ခမ်းကို ပြက်လုမတတ် ကိုက်ထားပြီး "သွင်လက်မထပ်နိုင်တော့ဘူး။ ရော့ လက်စွပ်၊ ပြန်ယူ" နောက် ညိုညိုသို့ စွေလျက် "ရှင့်အပျိုရံလဲ ရှင်ပဲပြန်ယူတော့" ဟုပြောပြောဆိုဆို ဘယ်သူမှ မတားနိုင်မီပင် ဘေးလှေကားမှ အပြေးကလေး ဆင်းပြေးသွားပြီး ကားပေါ်သို့ တက်ကာ အိမ်သို့ ပြန်ပြေးလာခဲ့တော့သည်။
နောက်တနေ့ နံနက် ၆ နာရီသာသာတွင် သွင်သည် ပင်ပန်း နွမ်းနယ်စွာဖြင့် အိပ်ရာမှနိုးလာလေသည်။ နံဘေးရှိ အတာ မှာမူ အိပ်နေဆဲပင်။
"ဟေ့ အတာ၊ ဘယ့်နှယ် မထသေးဘူးလား။ ခါတိုင်းဆို အစောကြီးနိုးပြီးတော့" သို့သော် အတာသည် မျက်လုံးကလေးများကို လေးလံစွာ ဖွင့်ကြည့်လျက် "ခေါင်းထဲကနာတယ်" ဟုညည်းတွားပြောဆိုရှာလေသည်။
"ဟင်" သွင်သည် ထိပ်လန့်တကြား အတာ ကိုစမ်းသပ်မိသည်။ "အို ကိုယ်တွေပူလို့ပါလား" အတာ့မျက်နှာကလေးမှာ နီနေသည်ကိုတွေရရာ သွင့်ရင်ထဲတွင် ထိတ်ကနဲဖြစ်သွားမိသည်။ ဒေါ်လေးသိယင် ငါ့တော့အပြစ်တင်တော့မှာပဲ။ ဟုတ်ပေသည်။ အတာမှာ ရင်ကျပ်ပြီး ကိုယ်အနည်းငယ် စပ်တတ်တတ်ဖြစ်နေသဖြင့် လက်ထပ်ပွဲသို့ပင် မလိုက်ခဲ့ရပဲ အထိန်းနှင့်ထားခဲ့သည်ကို သွင် ခေါ်လာမိသည်။ အတာ တခုခုများဖြစ်သွားယင်။
သွင့်ဦးနှောက်ထဲတွင် ပထမဆုံးပေါ်ပေါက်လာသည့် အားထားစရာကြီးကား ဒေါင်တာထွန်းလွင်။ သွင်ဘာမျှမစဉ်းစာနိုင်။ နံဘေးခြံမှ ဒေါ်ကြီးတစ်ယောက်ကိုခေါ်ကာ အတာ့အတွက် အစောင့်ထားခဲ့ပြီး မြို့ရှိ အိမ်အရောက် အမြန်ဆုံး ပြန်ပြေးသွားရသည်။ ဒေါ်လေးကြော့မှာ လိုက်လာလုဆဲဆဲတွင် သွင်ထံမှ သတင်းကိုကြားရသောအခါ ရင်ဘတ်စည်တီးဖြစ်လျက် သွင့်ကိုသာ အမျိုးမျိုး အပြစ်တင်လျက်ရှိတော့သည်။ သို့သော် သွင်ကား မကြားနိုင်။ တယ်လီဖုန်းရှိရာသို့သာ ပြေးသွားကာ ဒေါင်တာထွန်းလွင်ထံ ဆက်မိသည်။
သူတို့နှင့် မရှေးမနှောင်းမှာပင် ဒေါက်တာထွန်းလွင်ရောက်လာသည်။ အတာ့ကို စမ်းသပ်ကြည့်ရှုပြီးနောက် အပြင်သို့ထွင်သွားကာ ဒေါက်တာနောက်သို့ သွင်လိုက်ပါသွားမိသည်။
"သိပ်စိုးရိမ်ရသလားဟင်" သွင်မချုပ်တည်းနိုင်ပဲ လက်သီးကလေးများကို ကျစ်ကျစ်ပါအောင်ဆုပ်ယင်း ပူပန်တကြီးမေးလိုက်မိသည်။ ဆရာဝန်သည် သွင့်အား တစ်ချက်မျှစွေကြည့်လိုက်ပြီး နားကျပ်ကိုဖယ်လိုက်ကာ "နမိုးနီယားဝင်တာ" ဟုဖြေသည်။
"ဟင် နမိုးနီးယား" ထိတ်လန့်တကြားဆိုယင်း သွင်သည် ပါးစပ်ကို လက်နှစ်ဘက်ဖြင့် ပိတ်လိုက်မိသည်။
"အို အသက်မှ ချမ်းသာပါ့မလားဟင်"
ကိုထွန်းလွင်သည် ဘာမျှမပြောပဲ ဆေးစာရွက်တွင်သာ ရေးခြစ်နေပြီး သွင့်အား တစ်ခါမျှ မသိဖူးသော သူစိမ်းတစ်ယောက်ကဲ့သို့ အမှတ်မဲ့လှမ်းပေးယင်း..."ကိစ္စမရှိပါဘူး။ ကျုပ်တို့ဦးပါတယ်။ ဒီဆေးတာတိုက်ပါ။ တကယ်လို့ လိုတယ်ထင်ယင်လဲ ဒေါင်တာကြာညွန့်ကို ခေါ်တာပေါ့။ ကျုပ်အခု သူ့ကိုဝင်ပြီး ပြောသွားပါ့မယ်။
သွင်၏ နူးညံ့သောလက်ကလေးများသည် ဒေါက်တာ၏ လက်မောင်းများကို ဆုပ်ကိုင်လိုက်သည်။ "မောင်၊ အတာဟာ မောင့်ကိုသာ လိုတယ်လို့သွင်ယူဆပြီး ခေါ်တာပါမောင်ရယ်။ မောင် သွင့်ကိုစိတ်ဆိုးသလား။ သွင်ဟာ သိပ်မိုက်ပါတယ်။ တကယ်တော့ သွင် မောင့်ကိုချစ်ပါတယ်။ ဟိုနေ့က ဘာဖြစ်လို့သည်လို လုပ်မိတယ်ဆိုတာတောင် မတွေးတတ်တော့ပါဘူး" သွင်သည် ပြောပြောဆိုဆို
ဒေါက်တာထွန်းလွင်၏လည်ပင်းကို လှမ်းဖက်ကာ ခေါင်းကိုဆွဲ၍နှိမ့်လိုက်လေသည်။ ဒေါက်တာထွန်းလွင်၏ခေါင်းသည် အမှတ်မဲ့ညွတ်ကျသွားပြီး သွင့်ကိုလည်း ဖက်လိုက်မိသည်။ သို့သော် ချက်ချင်းသတိရကာ တွန်းဖယ်၍ ခွာလိုက်သည်။
"ဝမ်းနည်းပါတယ်သွင်။ ကျုပ်ဒီလိုလုပ်ဖို့ စိတ်တောင်မကူခဲ့မိပါဘူး။" သူ့မျက်နှာမှာ နီနေသည်။
"အို ကိစ္စမရှိပါဘူး။ သွင်ကတော့ကျေနပ်ပါတယ်။" သွင်ကပြုံး၍ဖြေသည်။
"ဟုတ်ကဲ့၊ သွင့်အဖို့တော့ ဘယ်တော့အဆို ကျေနပ်မှုရစမြဲပေါ့။ ဒါပေမယ့် ဒီတစ်ခါတော့ မရဘူးသွင်။ သွင်ဟာ တကယ်တော့ ယောက်ျားယူချင်တာ မဟုတ်ပါဘူး။ ရည်းစားသာထားချင်တာပါ။ ကျုပ်အလုပ်တွေကိုလဲ ဘယ်တော့မှ နားလည်မှု မရှိဘူး။ ကျုပ်ဟာ သင့်လိုမိန်းကလေးတစ်ယောက်ကို ပျော်အောင် ထားနိုင်ဖို့ အများကြီး ခဲယဉ်းတယ် သွင်။ အရှည်သဖြင့် ဆက်ဆံဖို့ မဖြစ်တော့ပါဘူး။"
ဒေါက်တာထွန်းလွင်၏ မျက်နှာမှာ တံခါးကြားမှ ဝင်လာသော နေရောင်ဟပ်ကာ တောက်ပလျက်ရှိသည်။ သွင့် အသည်းနှလုံးဝယ် သည်မျက်နှာ သည်စကားလုံးများသည် ထွင်း၍ထားသကဲ့သို့ စွဲမြဲသွားပေတော့သည်။
"ဒါပေမယ့်မောင် သွင့်ကိုတော့ ချစ်သေးတယ် မဟုတ်းလားဟင်။ မောင်ချစ်သေးတယ်ဆိုယင် သွင် မောင့်ကို မလွှတ်နိုင်တော့ပါဘူး။"
သို့သော် ဒေါင်တာထွန်းလွင်ကား မကြားသကဲ့သို့ နောက်သို့ တစ်ခက်မျှပင် လှည့်မကြည့်ပဲ အပြင်သို့ ထွက်သွားတော့သည်။ သူ ပြတင်းပေါက်မှ ပြေး၍ကြည့်သောအခါ၌မူ ကားထဲတွင်စောင့်နေသော ညိုညိုကိုပါ တွေ့ရလေတော့သည်။
သွင်သည် ဆေးရုံအနီးသို့ ဖြတ်သွားတိုင်း ဖြတ်သွားတိုင်း စိုပြည်သော ဆေးရုံဝင်းနှင့် နှစ်ထပ်တိုက်အဆေက်အအုံးများကို မနှစ်သက်စွာ လှမ်းကြည့်မိတတ်သည်။ ဆေးရုံဝင်းအတွင်းရှိ သစ်ပင်များမှာ စိမ်းစိုလျက် ရောင်စုံပန်းပွင့်ကလေးများဖြင့် ချစ်စရာကောင်းနေသည်။ သပ်ရပ်သော အဆောက်အအုံများမှာလည်း စီရရီနှင့် ကြည့်ကောင်းလှသည်။ သို့သော် ဒေါက်တာထွန်းလွင်နှင့်ညိုညိုတို့ကို တွေ့ဆုံရန် ဖန်တီးသောဌာနအဖြစ် သွင်ကမုန်းလေသည်။ သို့ရာတွင် ခေါင်းစည်းအဖြူတွင် လုံချည်အနီနှင့် ဝရံတာတွင် ဖြတ်သွားသော သူနာပြုဆရာမကလေးများကို မြင်သောအခါ၌ကား သွင်နေရာချင်း လဲလိုက်ချင်စိတ် ပေါ်လာသည်။ ဤတွင်ရုတ်ခြည်း အကြံရလာသည်။ သွင်၏ ရင်သည် တဒိတ်ဒိတ်ခုန်လာကာ မျက်လုံးများလည်း တောက်ပလာသည်။ ငါကော ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ။
နောက်တစ်ပတ် သူနာပြုသင်တန်းစသောအခါ အရပ်မြင့်မြင့် ကိုယ်လုံးလှလှနှင့် ခပ်ထည်ထည်ရုပ်ချောသော သူငယ်မတစ်ယောက်ကို ဒုတိယခုံတန်းတွင် တွေ့ရလေသည်။ သင်ပြသည့်ဆရာသည် သူငယ်မကို ထူးခြားစွာကြည့်ပြီး ဤမျှလောက် လှပချောမွေ့သော ရုပ်ရည်မျိုးသည် သူနာပြုဆရာမကောင်း မဖြစ်နိုင်ဟု စိတ်ထဲက မှတ်ချက်ချလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော်
ဤသို့သောအစားမျိုးသည် အလုပ်ထက်ချစ်မှုကြိုက်မှုများအပေါ် ပိုမိုအလေးပြုသည်ဖြစ်သောကြောင့်တည်း။
ဤနေရာ၌ ဆရာဝန်ယူဆချက်မှာ သွင့်မတွက် အင်မတန်မှ မှန်နေလေသည်။ သွင်၏နွမ်းနယ်နေသော စိတ်ကလေးသည် ဒေါက်တာထွန်းလွင်ထံသို့သာ တဝဲဝဲနှင့်ရောက်ကာ သူမသည် ညိုညိုကဲ့သို့ပင် ဒေါင်တာထွန်းလွင်နှင့် တွေ့ဆုံခွင့် ရနိုင်ရမည်ဟု စိတ်စောမိရှာလေသည်။ သို့ရာတွင် သူမ ထင်သကဲ့သို့ မဟုတ်။ ညိုညိုနှင့်ဒေါက်တာတို့ပင် ဆေးရုံစည်းမျဉ်းအတိုင်း တွေ့ဆုံပြောဆိုမှုမှာ ကြာရှည်မဟုတ်။ ခဏမျှသာ ဖြစ်သည်ကို တွေ့ရ၏။ သူကိုယ်တိုင်လည်း ဒေါက်တာထွန်းလွင်ကို အရိပ်မျှ မမြင်နိုင်သေးသည်ကို ဝမ်းနည်းစွာ တွေ့ရလေတော့သည်။ သည်အထဲတွင် သူ့မှာ လုပ်ရည်အညံ့ဆုံး ဖြစ်နေသည်ကို တွေ့ရပြီး သူ့ရုပ်ရည် သူ့အပြောအဆိုတို့ကြောင့် သူ့ကို လူတိုင်းကပင် လွတ်လပ်ခွင့် ပေးထားရုံမျှမက သင်ပြသူဆရာဝန်ကပင်လျှင် သွင့်အား သင်ပြရသည်မှာ အချိန်ကုန်ရုံမျှသာ ရှိသည်ဟု သဘောပိုက်ထားသည်ကို သွင် စိတ်မချမ်းသာစွာ တွေရလေတော့သည်။
သို့နှင့် ပထမပတ်ပြီးလျှင်ပင် သွင်သည် ဤနေရာမှ ထွက်ခွာသွားရန် ကြံစည်မိသေးသည်။ သို့သော် သွင်၏ကြီးမားသော မာနက မသွားဖြစ်အောင် တားမြစ်ပြီး အားပေးပြန်သဖြင့် သွင်သည် အကြောင်းပြချင်စိတ်များ တဖွားဖွား ပေါ်လာကာ မခံချင်စိတ်ဖြင့် ကြိုးစားလေရာ မကြာမီပင် သူသည် သူ့မလုပ်ကို ဝါသနာပါမှန်းမသိ ပါ၍လာလေတော့သည်။
ယခုအခါတွင်မူ သွင်သည် ညိုညိုရှိရာ ပထမအဆောင်သို့ ရောက်နေလေပြီ။ သွင့်အဖို့ ညိုညိုလက်အောက်၌ လုပ်ကိုင်ရမည်ကို မလိုလားလှသော်လည်း မည်သို့မျှ မတတ်နိုင်ပဲ ရှိနေတော့သည်။ ယနေ့ သွင်သည် လူနာအစီရင်ခံစာ ပို့ရန် အခန်းသွင်းသို့ ဝင်သွားသောအခါ ညိုညိုကို မတွေ့ရပဲ ရှိနေသည်။ သွင်မှာ စိတ်ကလည်းနွမ်း လူကလည်းပန်းမို့ မည်သူမျှလည်းမရှိသဖြင့် ကုလားထိုင်ပေါ်တွင် ပစ်ထိုင်ချလိုက်မိသည်။ သက်ပြင်းကိုရှိုက်၍ မျက်နှာမော့အကြည့်တွင် သူ့ထံသို့ တည့်တည့်လျှောက်လာနေသည့် ညိုညိုကိုတွေ့ရလေတော့သည်။ ညိုညိုမှာသူ၏စိမ်းရောင်လုံချည်၊ ခေါင်းစည်းဖြူ၊ ဖိနပ်ဖြူတို့ဖြင့် ကျက်သရေရှိလှသည်ကို သွင် မငြင်းနိုင်ချေ။ ထို့ထက် ညိုညို၏မျက်နှာထားမှာ အေးဆေး ငြိမ်သက်လျက် ရှိသဖြင့် အကြောင်းမဲ့ ရင်ဖိုမိလေသည်။
"Sister ရဲ့ရှေ့မှာ nurse ဟာမတ်တပ်ရပ်ရမယ်လို့ သူတို့သင်မပေးကြဘူးလား"
ညိုညိုက အေးအေးပင် သံမှန်ဖြင့်မေးသော်လည်း သွင်ကမူ ဗြုန်းကနဲ ထရပ်လိုက်ကာ မျက်နှာကို စေ့စေ့ကြည့်မိသည်။
"ကျွန်မဟာ ရှင့်ကို ခုနေအခါ ဘယ်လိုယူဆထားတယ်ဆိုတာ ရှင်လဲ နားလည်မှာပါပဲ။ ခုအခိုက်အတန့်မှာတော့ ရှင်ဟာ သင်တန်းဆင်းစ လေ့ကျင့်ခန်း ယူနေရတုန်းမို့ အစစအရာရာ သတိရှိစေချင်တယ်။ အထူးသဖြင့် ကျွန်မအချိန်မှာ ပိုပြီးဂရုစိုက်စေချင်ပါတယ်။ ရှင့်ကို သူနာပြုဆရာမကောင်း တစ်ယောက်အဖြစ် ကျွန်မအထူး မျှော်လင့်ထားပါတယ်။"
သွင်သည် အေးဆေးငြိမ်သက်စွာ မှန်မှန်ပြောနေသော ညိုညို၏ စကားအဆုံးတွင် အံကြိတ်ပြီး "ကျွန်မ ကြိုးစားပါ့မယ်" ဟုဝန်ခံလိုက်လေသည်။
"ဝမ်းသာပါတယ်"
ညိုညိုသည် ဖိုင်တွဲထဲမှ ကတ်တစ်ခုကို ထုတ်ယူပြီး လှမ်းပေးယင်း...
"ဦးစိန်မှန်ရဲ့ သားကလေးကို x-Ray ရိုက်ဖို့ခေါ်သွားပါ။ ဘာလုပ်ရမယ်ဆိုတာ သိတယ်မဟုတ်လား" သွင် ခေါင်းတစ်ချက်မျှသာ ဆတ်လိုက်နိုင်သည်။ ဦးစိန်မှန်၏သားကလေးမှာ သွင် လက်ထပ်သည့်နေ့က စကားများရသည့် အကြောင်းခံ ဖြစ်သည်မဟုတ်ပါလော။ သို့သော် သွင်သည် သူငယ်ကလေးကိုမြင်သောအခါ ရင်ထဲတွင် နာကျင်သော ဝေဒနာကို ခံစားရရှာသည်။ သူငယ်လေးမှာ ရှစ်နှစ်သားမျှသာ ရှိသေးပြီး ဖြူလျှော်သောအသား၊ ပိန်လှီသောကိုယ်ကလေး၊ ပြူးကျယ်သော မျက်လုံးကလေးများဖြင့် သနားဖွယ်ရာ ပုံသဏ္ဍာန်ဆောင်နေတော့သည်။ အကယ်၍သာ ဒေါက်တာထွန်းလွင်သည် ဒီအကြောင်းကို ပြောပြပါက သူဒီလို ပြုမူမီမည်မဟုတ်ဟု သွင် ထင်မိသေးသည်။ သို့သော် ထိုစဉ်က သွင်မှာ ယခုသွင် မဟုတ်သည်ကိုလည်း ပြန်သတိရလာသည်။ တကယ်ဆိုက သွင်သည် ဒေါက်တာထွန်းလွင်၏ အလုပ်စကားတွင် စိတ်မဝင်စား၊ ချစ်စကားတွင်သာ စိတ်ဝင်စားသည် မဟုတ်ပါလော။
ညိုညို၏ အဆောင်ကိုရောက်မှ သွင်သည် ဦးစိန်မှန်၏ သားကလေးထံ လာရောက်လေ့ရှိသော ဒေါက်တာထွန်းလွင်ကို မပြတ်လိုလို တွေ့မြင်နေရသည်။ သို့မြင်ရသဖြင့်လည်းဒေါက်တာထွန်းလွင်၏ သူနှင့်ညိုညို့ အပေါ်ဆက်ဆံပုံမှာ မထူးခြားလှ။ နှစ်ဦးစလုံးကား ခပ်စိမ်းစိမ်းပင် ရှိနေသည်ကို သိရလေတော့သည်။ ထိုအခါ သွင်သည် ဒေါက်တာနှင့်ညိုညို မည်မျှပင် ပူးကပ်စွာ အလုပ်လုပ်နေသည်ကို
တွေ့ရစေကာမူ ရှေးကကဲ့သို့ မနာလိုခြင်း၊ စိတ်မချမ်းမြေ့ခြင်း မဖြစ်တော့ချေ။
ဤသို့ပင် သွင်သည် တွေးယင်းတောယင်းဖြင့် ဆေးရုံရှိ အဝတ်အထည်များ လျှော်ဖွပ်ပေါင်းတင်သည့် ခဝါရုံတံခါးကို ဖွင့်နေမိသည်။ မီးခိုးလုံးတစ်လုံးသည် တံခါးပွင့်သွာလျှင် ပွင့်သွားချင်း သွင့်မျက်နှာကို မီးဟပ်လိုက်သဖြင့် သွင်သည် တံခါးကို ကမန်းကတန်း ပြန်ပိတ်ကာ ညိုညိုထံသို့ အမြန်ဆုံး အကြောင်းကြားလိုက်လေသည်။
မီးတောက်တစ်တောက်သည် ခဝါရုံတံခါးကို ဖောက်ထွက်လာကာ စင်္ကြံတလျှောက်ကို ဖုံးလွှမ်းလိုက်သောအခါ လူနာများ၏ ငိုသံ၊ ကယ်ပါယူပါ အသံနှင့် ပြေးသံ လွှားသံများကို ကြားရလေတော့၏။ ပြေးနိုင် လျှောက်နိုင်သော လူနာအချို့မှာ မီးနှင့်လွတ်ရာသို့ ပြေးကြရှာပြီ။ အိပ်ရာမှ မထနိုင်သော လူနာတို့၏ ငိုသံများက သွင်၏အသည်းနှလုံးကို ဆုပ်ကိုင်ချေမွသကဲ့သို့ နာကျင်စွာ ခံစားရစေတော့သည်။
ယခုအခါ မီးလျှံများသည် အဘက်ဘက်မှ ဝိုင်းလျက်ရှိကြပြီး မီးသတ်သမားတို့၏ လုံ့လမှာ အချည်းနှီးကဲ့သို့ ရှိနေတော့သည်။ သွင်သည် လက်တွန်းလှည်းတစ်စီးကို မီးကူးလုဆဲဆဲ တံခါးဝသို့ တွန်းပြေးသွားသည်။ သွင့်အခန်းနောက်ရှိ အခန်းထဲ၌ကား ဦးစိန်မှန်၏ သားကလေးသည် အားကိုးရာမဲ့စွာဖြင့် အိပ်ရာထဲတွင် လဲလျက်ရှိပေလိမ့်မည်။ သည်အတွေးသည် သွင့်ရင်တွင်း၌ မီးလောင်သကဲ့သို့ ပူပြင်းစွာ ပေါ်ထွက်နေကာ အမြန်ဆုံးကြိုးစား၍ပြေးလေသည်။ သို့သော် သွင်နောက်ကျလေပြီ။ ဤအပေါ်ထပ် တံခါးပေါက်ကြီးမှာ မီးမျိုနေလေပြီ။ ပြာသော မျက်စိများဖြင့် သွင်သည် ရုတ်တရက် ဘာလုပ်ရမည်ပင်မသိ ဖြစ်သွားမိသည်။
ကလေးကို မီးသတ်သမားသို့ ပေးလိုက်ပြီး၍ လွတ်ကင်းချမ်းသာသွားပြီးဟု သိသည်နှင့်တပြိုင်နက် သွင်မှာလည်း တင်းထားသမျှ အားတွေ အကုန်လျော့ကာ ခွေကျသွားလေတော့သည်။ သူ့နားထဲတွင် ညိုညို၏ စူးရှထိတ်လန့်တကြား အော်လိုက်သောအသံကို ကြားလိုက်၍ သူ့အားဆီးကြို ဖမ်းယူရန် ကြိုးစားသည်ကို သိလိုက်ပြီး လှေကားကို မြဲအောင်ကိုင်လိုက်ပါသော်လည်း မမိတော့ပဲ ကျသွားလေတော့သည်။
နိုးလာသောအခါ သွင်သည် သူ့ကိုယ်သူ ဖြူဖွေးသန့်ပြန့်သော အိပ်ရာတစ်ခုပေါ်သို့ ရောက်လျက် နေသည်ကို တွေ့ရပြီး ညင်းညင်းညံ့ညံ့ကလေး တိုက်ခတ်လားသော အေးမြလတ်ဆတ်သည့် လေပြေကိုလည်း ရှူရှိုက်ရလေသည်။ သွင့်မျက်စိများမှာ ကျိန်းစပ်၍ ရင်မှာလည်း တလှပ်လှပ် တုန်နေသည်။ သို့သော် အခြားဘာဒဏ်ရာမျှမရှိ၊ အနည်းငယ်မျှသာ မောပန်းလျက်ရှိသည်ကို သွင် ဝမ်းမြောက်စွာ သိရလေသည်။ သူနာပြုဆရာမလေးတစ်ယောက်သည် သွင့်ကို ကိုင်းငုံ့လျက် ကြည့်နေလေရာ သွင်သည် သူနှင့်ပထမဆုံးဆေးရုံတွင် အတူတူ လုပ်ဖူးသည့် မခင်စုဖြစ်မှန်း သိလိုက်လေသည်။ မခင်စုသည် သွင်းအား ပြုံကာ ကြည့်လျက်...
"စကားမပြောနဲ့ဦးနော်။ ဘာမှလဲမစိုးရိမ်းပါနဲ့တော့။ အားလုံး ချမ်းချမ်းသာသာပါပဲ။ ဦးစိန်မှန်ရဲ့ သားကလေးလဲ နေကောင်ပါတယ်။ ဒါပေမယ့် ညိုညိုသာ ဆီးမဖမ်းလိုက်ယင် သွင်လှေကားပေါ်ကတည်းက ဒုက္ခများဖို့ပဲ။ သွင်သိပ်ကံကောင်းပါတယ်"
နောက်တစ်ကြိမ် မျက်စိဖွင်ြ့ကည့်လိုက်သောအခါ၌ကား သူ့အခန်းတံခါးဝတွင် ဒေါက်တာထွန်းလွင်ကို တွေရသည်။ ဒေါက်တာသည် နှစ်လှမ်းမျှသော ခြေလှမ်းဖြင့် အခန်းကိုဖြတ်ကာ ခုတင်ရှိရာသို့ ရောက်လာပြီး သွင့်ကို အာရပါးရပွေ့ကာ ညင်သာစွာ နမ်းလိုက်လေသည်။နောက်မှ ပတ်ဝန်းကျင်ကိုကြည့်လိုက်ကာ ဘယ်သူမျှမတွေ့ရမှ သွင့်လက်ကလေးများကို အသာအယာ ဆုပ်နယ်နေလေသည်။ သွင်မှာလည်း ဘာပြောရမည်မသိပဲ ဒေါင်တာ၏ လက်များကို တင်းကျပ်စွာ ပြန်ဆုပ်ထားမိသည်။
"မောင်"
သွင့်လည်ချောင်းထဲတွင် နင်နေသဖြင့် ရပ်နေပြီးမှ...
"သွင်တော့ မောင့်ကို ပြန်တွေ့ရလိမ့်မယ်လို့ မထင်ခဲ့တော့ပါဘူး မောင်ရယ်။ သွင့်ကို မောင်ချစ်သေးတယ်နော်။ အိုလေ သွင်သိပ်ပြီးဝမ်းသာ...."
ဒေါက်တာထွန်းလွင်သည် သွင့် ပါးစပ်ကို သူ့ပါးဖြင့် ကပ်၍ပိတ်ထားလိုက်သည်။ သူ့မျက်လုံးများမှာ မှုန်ဝေနေသည်။
"သွင်ရယ်၊ သွင် ပြတင်းပေါက်ပေါ်မှာ ရှိနေတုန်းကများလေ မောင်ဖြင့် မောင့်ကိုမောင် အခါတစ်ရာလောက် သေနေပြီ အောက်မေ့နေတာပဲကွယ်။"
သွင်သည် သူ ကာလရှည်ကြာစွာက တောင့်တနေမိသည့်အတိုင်း ဒေါက်တာထွန်းလွင်၏ နဖူးပေါ်မှ ဆံပင်ကောင်ကလေးများကို အသာအယာ သပ်တင်ပေးယင်း "သွင်လေအယင်က သွင် မဟုတ်တော့ပါဘူး မောင်ရယ်၊ သွင်လေ တဖြစ်လဲနေပါပြီ" ဟုပြောလေသည်။
"ဒါဖြင့် ဒိစတြိတ်ဆရာဝန်ရဲ့ ဇနီးဖြစ်အောင် ပြောင်းလဲနေပြီ ဆိုပါတော့ သွင် ဟုတ်လား။ ဒီမှာကြည့်စမ်း။ ခုလေဒေါက်တာကြာညွန့် ရန်ကုန်ကိုပြောင်းရမယ်။ အဲဒါမောင်သူ့နေရာကို ဝင်လုပ်ရမှာပဲ။ ခု သူနဲ့တွဲလုပ်နေပြီ သိလား"
"သွင်လဲ ကူမှာပေါ့ မောင်ရယ်။ သွင်လေ မောင့်လက်ထောက် ဆရာမလုပ်မယ်။ နောက်ပြီး သွင်ဟာ ညိုညိုလိုပဲ တော်အောင် ကြိုးစားမယ်။ ဒါနဲ့ ညိုညိုဟာတော်တော် ဆန်းတယ်နော်မောင်။ သွင့်ကို သူကယ်တာမောင် သိသလားဟင်"
ဒေါက်တာထွန်းလွင်သည် သွင့်ကို ကြင်နာစွာကြည့်ယင်....
"သိပါတယ်ကွယ်။ ဒါတင်ဘယ်ကမလဲ၊ သွင်သူ့လက်ကရုံးပြီး ကလေးနဲ့သူ့သာ ထားပစ်ခဲ့တယ်ဆိုတာလဲ သိပါတယ်။ ညိုညိုအားလုံး ပြန်ပြောပြတယ်။ နောက်ပြီး…"
ဒေါက်တာထွန်လွင်သည် အနည်းငယ် ပြုံးယောင်ပြုကာ....
"ညိုညိုကမှာသေးတယ်။ တကယ်လို့ သွင် ဒီတစ်ခါလက်ထပ်ယင် ဆေးရုံမှာပဲလက်ထပ်ပါတဲ့။ ဒါမှဆရာဝန်ဟာ သူ့အချိန်မီ လာနိုင်ပါလိမ့်မယ်တဲ့
သွင်သည် မျက်ရည်များ ဝေ့လာကာ တစ်လုံးချင်း ပြောလိုက်လေသည်။
"ဟုတ်ပါတယ် မောင်ရယ်။ ညိုညိုပြောတာတွေ အကုန်မှန်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ သတို့သားဟာ ဘယ်လောက်ပဲ နောက်ကျနောက်ကျ သွင် စောင့်ပါတော့မယ်ကွယ်"
ငွေတာရီ
ယခင် အခြေခံပညာအထက်တန်း ပြဌာန်းစာအုပ်ဖြစ်တဲ့ စိတ်ကြိုက်မြန်မာဝတ္ထုတိုများ မှကူးယူထားပါသည်။