Friday, October 7, 2011

ပုသိမ်ထီးပြုလုပ်ပုံအဆင့်ဆင့်

ပုသိမ်ထီး
ပုသိမ်ထီးကို မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သော ဧရာဝတီတိုင်း၏မြို့တော် ပုသိမ်မြို့တွင် ပြုလုပ်သည်ကို ကမ္ဘာက ကောင်းကောင်းသိကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ထဲက ပုသိမ်မြို့တွင်ထုပ်လုပ်ခဲ့တာ ယနေ့တိုင်ပါ။ အိမ်တွင်းလက်မှုလုပ်ငန် အနေနှင့်သာ ပြုလုပ်လာခဲ့တာပါ။ ယခင်ကစက္ကူဖြင့်သာပြုလုပ်ခဲ့သော်လည်း ယခုမူကား ချည်သား၊ ပိုးသား၊ ဖဲသားတို့ဖြင့် သစ်လွင်ဆန်းပြား နှစ်လိုဖွယ်ဖြစ်အောင် ထုတ်လုပ်လာကြသည်။ မန်းမလှလေးများကြား ရေပန်းစားနေသော သစ်လွင်လှပခေတ်ဆန်သော ပုသိမ်ထီးများကို တတိုင်းပြည်လုံးတွင် ရောင်းချလျက်ရှိနေပါပြီ။ အမှတ်တရ လက်ဆောင်ဖြစ်လည်းကောင်း၊ အိမ်တွင်းအလှဆင်ရန် အတွက်လည်းကောင်း နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်မှု အားကောင်းလျက်ရှိနေပါသည်။
ပုသိမ်ထီးကို တဆင့်ချင်းပြုလုပ်ယူရပါသည်။ထီးတစ်ချောင်းဖြစ်လာရန်လက်ဖြင့်သာပြုလုပ်ကြရပါသည်။

မအူရွှေဝါနှင့်လုပ်ထားသောထီးခေါင်းများ
ထီးပုံအကြမ်းပြုလုပ်ပုံ
  ပုသိမ်ထီး၏အဓိကကိုယ်ထည်ကို မအူရွှေဝါခေါ် သစ်တမျိုးနှင့်ပြုလုပ်ကြပါသည်။ ထီးရိုးနှင့်ထီးခရိုင်တို့ကို ပုသိမ်မြို့ အနီးပတ်ဝန်းကျင်ထွက် သရကူခေါ် ၀ါးတမျိုးနှင့်ပြုလုပ်ပါသည်။ ဝါးကိုပိုးမစားစေရန် ရွှံ့ပုပ်ရည်နှင့် (၆) လခန့်စိမ်ထားရသည်။ ထီးရိုးနှင့် ထီးခရိုင်နှင့် ထီးလက်တံဝါးစိတ် များကို တွဲဆက်မိအောင်စနစ်တကျတပ်ဆင်ရသည်။ ထိုအခါထီးပုံ အကြမ်းထည်ရလာသည်။        
ဝါးနှင့်ပြုလုပ်ထားသော ထီးလက်တံများ
ထီးအရွက်တပ်ဆင်ခြင်း
ရရှိလာသောထီးပုံအကြမ်း ထည်ပေါ်တွင် ထီးရွက်အုပ်၍ ထီးခရိုင်များနှင့် တင်းတင်းဆွဲကပ်ရသည်။ ပုံစံကျအောင်ညှပ်ထားသော ချည်ထည် ပိတ်စကိုအသုံးပြုကြသည်။
ထီးပုံကြမ်းပေါ်တွင် ထီးရွက်ကိုအုပ်ကပ်နေခြင်း
ထီးအရွက်ကိုအရောင်တင်ခြင်း
ထီးရွက်ကို သဘာဝမှရသောတည်သီးကို ကျို၍ရသော တယ်ရည်ဖြင့်  အထပ်ထပ် သုတ်လိမ်းပေးရသည်။ ထို့နောက်အခြောက်ခံပြီး ဆီတမျိုးဖြင့် သုတ်လိမ်းပေးရသည်။ အရောင်မျိုးစုံကို အသုံးပြုကြသော်လည်း အနီရောင်ကိုပို၍ အသုံးပြုကြသည်။
ဇာထိုးပန်းထိုးအလှဆင်ခြင်း
ထီးခရိုင် ထီးရိုး ထီးလက်တံ များကို ဆေးရောင်ဆုံချည်များဖြင့် ပန်းပွင့် ပန်းနွယ်များ ထိုးရက်ကြသည်။ ယခင်ကသိုးမွှေးချည်ကိုသုံး ကြသော်လည်း ယခုအခါ တိုင်းရင်းဖြစ် ချည်ကို အရောင်မျိုးစုံဆိုး၍ထိုးရက်ကြသည်။ ဇာထိုးပြီးသော ထီးကကြည့်၍လှပလာပါသည်။
ဇာထိုး ပန်းထိုးအလှဆင်ခြင်း
ချိပ်ဆေးဆိုးခြင်းနှင့် အရောင်တင်ခြင်း
ထို့နောက် ချိပ်ဆေးဆိုးအရောင်တင်ပြီး နေရောင်တွင်အခြောက်ခံရသည်။ အရောင်တောက်ပလာအောင် အထပ်ထပ်ပြုလုပ်ရသည်။
ပန်းအလှဆေးခြယ်ခြင်း
နောက်ဆုံး မှာတော့ ထီးအရွက်ကို ပန်းပွင့် ပန်းနွယ်များ၊ ဆန်းသစ်လှပသော ဒီဇိုင်းဖြစ်လာအောင် ဆေးခြယ်ကြရသည်။ ပုသိမ်ထီးသည် ဆောင်းရာ၌ ပေါ့ပေါ့ပါးပါးရှိသည်။ ကြည့်၍လည်း လှပေသည်။ ကျက်သရေလည်း ရှိသည်။  သို့ရာတွင် ပုသိမ်ထီးကိုနွေနှင့်ဆောင်း ရာသီ၌သာ ဆောင်းနိုင်၍ မိုးရာသီ၌ မဆောင်းနိုင်ချေ။ သို့သော် မြန်မာ့လက်မှုလုပ်ငန်း တစ်ရပ်ဖြစ်သော ပုသိမ်ထီးလုပ်ငန်းသည် မပျောက်ကွယ်သင့်ပေ။ ယခုအခါ ပုသိမ်ထီးကို ပုသိမ်မြို့၏ အဓိကရလက်ဆောင် အဖြစ် ပေးကြသည်။ ပုသိမ်မြို့၏ လှပသောရေမြေ သဘာဝနှင့်ပုသိမ်ထီးသည် ပနံရလျှက် ရှိနေပေသည်။

1 comment:

  1. ကျနော်ယူသွားတယ်အကိုပြန်လည်ဖော်ပြပေးဖို့ 

    ReplyDelete

မိတ်ဆွေတို့၏ စကားတစ်ခွန်းဟာ ကျွန်တော်အတွက် အားဆေးတစ်ခွက်ပါ။